မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်ပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ကျန်မာရေး၊ လုံခြုံရေး၊ ဖိတ်ကြားရေး၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပရေးနှင့် ကြိုဆိုနေရာချထားရေး စသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်က လုံခြုံရေးနှင့်ပတ်သက်သည် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် တင်ပြဆွေးနွေးကြရာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)