သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစံပြကွက်၊ စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအား (စတုတ္တအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးသည့် တောင်သူများအား (စတုတ္တအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သက်ထူးက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ မြို့နယ်အတွင်းတောင်သူများအနေဖြင့် နွေစပါးအပြင် ဆောင်းသီးနှံများတို့ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက နွေစပါးစံပြကွက်၊ ဆောင်းသီးနှံစမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအား ယူရီးယား (Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သက်ထူးနှင့် တာဝန်ရှိသူများမှ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကာ အခမ်းအနား ရုပ်သိမ်းလိုက်‌ ကြောင်း သိရပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစံပြကွက်၊ စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင်  ၄၄၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၂၀ အိတ်ကို ကျေးရွာအုပ်စု ၁၀ ရွာရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)