ပုလော ဖေဖော်ဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ပုလောမြို့နယ်သစ်တောဦးစီးဌာန၊ ဦးတင်အောင်မျိုးက မြန်မာနိုင်ငံတွင် တွေ့ရှိရသော၊ သစ်တောဦးစီးဌာနမှ ဆောက်ရွက်လျက်ရှိသော သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ ရေချို၏အရေးပါပုံနှင် ရေချိုအား ခြွေတာသုံးစွဲရန် လိုအပ်ပုံ၊ ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး နည်းလမ်းများ၊ မီးခိုးမြူငွေ့အဓိပ္ပါယ်နှင့် မီးခိုး/ မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများအား Power Point ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် သစ်တောဦးစီးဌာနမှ ထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုစေမည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် မီးသတ်ဦးစီးဌာနမှ ထုတ်ဝေသည့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျောင်းသူ/သားများက ထပ်မံသိရှိလိုသည်များ မေးမြန်းမှုကို သစ်တောဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။
အေးအေးမော် (ပုလော)