ဟိုပုံး ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ရန်ကင်းကျေးရွာအုပ်စု၊ ဝါးဆို့ကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်တွင် ကျင်းပသည်။
ရှေ့ဦးစွာ အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့)၏ ကျောင်းဆောင်သစ်ကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်ကျော်နောင်၊ အမှုဆောင်ဒါရိုက်တာ ဦးခွန်ညိုမောင်နှင့် ဝါးဆို့ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားအားကျင်းပခဲ့ရာ အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့)မှ ကျောင်းသား/ကျောင်းသူလေးများက “လမ်းပြကြယ်” တေးသီချင်းအား တီဆိုဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လွင်က အမှာစကားပြောကြားကာ ဝါးဆို့ကျေးရွာကော်မတီမှ ဦးစိုးသူက ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုနှင့် အားကစားပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးခွန်မောင်အေးက “ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကျောင်းဆရာဆရာမတွေ၊ ကျွန်တော်တို့ရွာရဲ့ ဦးစီးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ စည်းစည်းလုံးလုံးနဲ့ ယခုလိုကျောင်းဆောင်သစ်ဖွင့်ပွဲကို ကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ယနေ့ကျောင်းဆောင်သစ်ဖွင့်ပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲမှာ ကျောင်းသား/ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ စုံစုံညီညီနဲ့ပါဝင်ဆင်နွှဲနိုင်တာ အလွန်ကျေနပ်မိပါတယ်ခင်ဗျ။ ယခုလိုကျောင်းဆောင်သစ်နဲ့ဆိုတော့ လက်ရှိကျောင်းသား/ကျောင်းသူတွေနဲ့ နောင်လာမယ့် ကျောင်းသား/ကျောင်းသူတွေကော ပညာသင်ကြားရေးမှာ အဆင်ပြေစေမှာဖြစ်ပြီး နောင်အနာဂတ်အတွက် ထူးချွန်တဲ့ ကျောင်းသား /ကျောင်းသူတွေ တိုးပွားလာမယ်လို့ ယုံကြည်မိပါတယ်ဟု” ပြောပါသည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်း(ဝါးဆို့) ကျောင်းဆောင်သစ်မှာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၉၈) သန်းဖြင့် အလျား (၁၂၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၇) ပေရှိပြီး RC အမျိုးအစား တစ်ထပ်အဆောက်အဦဖြစ်ကာ ပအိုဝ်းတောင်တန်းကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (ဝါးဆို့)၌ KG တန်းမှ G-5 အထိ ကျောင်းသား/ကျောင်းသူ (၈၀) ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီအေးထံက သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)