ထားဝယ် ဖေဖော်ဝါရီ ၄
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အစိုးရက မြန်မာအားကစားလောက ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာအောင် နည်းလမ်းအမျိုးမျိုးဖြင့် အားပေးချီးမြှောက်လျက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံဂုဏ်ကို မြှင့်တင်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ အားကစားအောင်နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေသည်ဟု ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးမြှင့်ရေးကို အမျိုးသားရေးအမြင်နှင့် ယှဉ်တွဲပြီးအထူးအားပေးချီး မြှောက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်တိုင်း အားကစားနည်း တစ်မျိုးမျိုးကို ပါဝင်ကစားစေရေး စီမံကိန်းချမှတ်ခြင်းနှင့် အားကစားပြက္ခဒိန်ရေးဆွဲပြီး အခြေခံပညာအဆင့်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူငယ်များ၏ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပူးပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်အောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်တွင် (၄) နှစ်တာ ပညာသင်ယူပြီးနောက် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ ဖြစ်လာသည့်အခါ မိမိတို့၏တပည့်ငယ်များအား အားကစားကို ချစ်မြတ်နိုးလာအောင်၊ ထူးချွန်ထက်မြက်သော အားကစားသမားများ ဖြစ်လာအောင်ပြုစုပျိုးထောင်နိုင်မည်ဟုယုံကြည်ကြောင်း၊ ယခုကျင်းပမည့်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိအောင် အနိုင်မခအရှုံးမပေးဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားယှဉ်ပြိုင်ကြရန် ကျောင်းတွင်းပြိုင်ပွဲများမှသည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံပြိုင်ပွဲ၊ ဝန်ကြီးဌာနပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အမျိုးသမီးဘုရင့်နောင်အသင်းနှင့် ဗန္ဓုလအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ ဘုရင့်နောင်အသင်းက အနိုင်ရရှိသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသားအသင်း (၅) သင်း၊ အမျိုးသမီးအသင်း (၅) သင်းဖြင့် ဖေဖော်ဝါရီ (၇) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)