မြိတ်တက္ကသိုလ်တွင် ခရုကမာသားဖောက်မွေးမြူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားကမာ သားဖောက်မွေးမြူရေး သင်တန်းဆင်းပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၄

မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ဆောင်ရွက်လျက်ရှိသော ဒေသအကျိုးပြုအသုံးချသုတေသနဖြစ်သည့် ခရုကမာသားဖောက်မွေးမြူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားကမာ သားဖောက်မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့က မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ဆောင်ရွက်လျက်ရှိသော ဒေသအကျိုးပြုအသုံးချ သုတေသနများကို တနင်္သာရီတိုင်းဒေသကြီး ငါလုပ်ငန်းအဖွဲ့ချုပ် သုတေသနရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်လျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းဆင်းပွဲကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ချယ်ရီအောင်က ခရုကမာ သားဖောက်မွေးမြူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာ အောင်အောင်အေးက စားကမာ သားဖောက်မွေးမြူရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား(၃)ဦးက သင်တန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများနှင့် ဧည့်သည်တော်များက ဆွေးနွေး အကြုံပြုခဲ့ကြပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ သင်တန်းသားတစ်ဦးချင်းစီကို တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက နိဂုံးချုပ် အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် စားကမာ သားဖောက်မွေးမြူနည်း၊ အစာမွေးမြူနည်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား (၁၃)ဦး တက်ရောက်၍ သင်တန်းကာလ(၁၀)ရက် ဖွင့်လှစ်ခဲ့သည်။

ခရုကမာသားဖောက်မွေးမြူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားကမာ သားဖောက်မွေးမြူရေး သင်တန်းဆင်းပွဲသို့ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းပို့ချ ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)