(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၄

အမရပူရ​​မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ ထက်မြက်မှန်ကန် မြင့်မားစေရေး ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည် အချင်းစစ်သင်တန်းနှင့် မဟာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများသည် စာစီစာကုံးပြိုင်ပွဲတွင် "မျိုးချစ်လူငယ်နှင့် အနာဂတ် မြန်မာပြည်" ခေါင်းစဉ်ဖြင့် ၅၉ ဦး၊ ကဗျာပြိုင်ပွဲတွင် "မျိုးချစ်လူငယ်"  ခေါင်းစဉ်ဖြင့် ၁၇ ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် "မျိုးချစ်စိတ်အရင်းခံ မြန်မာ့ဇာတိမာန်" ခေါင်းစဉ်ဖြင့် ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)