ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနား ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ သိပ္ပံတွဲနှင့် ဝိပ္ပံတွဲဘာသာရပ်များအားလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှဌေးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ဘာသာရပ်အလိုက် သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မအူပင်တက္ကသိုလ် သတ္တဗေဒပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းရီနှင့် ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးတို့ပူပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူ (၄၂၅)ဦးအား ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အတွင်းရေးမှူးရဲမှူး အောင်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်မှ ပါမောက္ခ ဆရာ၊ ဆရာမများနှင့် Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)