ကျွန်းစုမြို့၌ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (ခွဲ) ကတန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများ ရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ထဲမှ လူငယ်များ၏ အနာဂတ်ဘဝတွင် စာရိတ္တဖွံ့ဖြိုးရေး၏အရေးပါမှုများ၊ လူငယ်များ၏ စာရိတ္တဖွံ့ဖြိုးမှုကို လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ လူငယ်များအနေဖြင့် လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်အကျိုးပြုနိုင်သည့် နည်းလမ်းများ၊ မိဘ၊ ဆရာနှင့် လူမှုအသိုင်းအဝိုင်း၏ အခန်းကဏ္ဍများ၊ စာရိတ္တပျက်ပြားစေသည့် အပြုအမူများနှင့် ၎င်းတို့ကို မည်သို့ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ စသည်တို့ကို မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မချောဇာခြည်၊ မသွန်းရတီစိုး၊ Grade – 10 မှ မောင်အောင်သူလင်း၊ မောင်ရဲထွန်းအောင်တို့က ပါဝင်ဆွေးနွေးခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက‌ ‌ပါဝင်ဆွေးနွေးသော ကျောင်းသား/ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)