တာချီလိတ် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာတွေ့ရှိလာနေခြင်းကြောင့် Mask Campaign ပြုလုပ်ခြင်းကို ချစ်ကြည်ရေးတံတား (၁)(၂)ရှမ်းရိုးမကွင်းတို့တွင် အဖွဲ့များခွဲ၍ပြုလုပ်ခဲ့ကြရာတွင် Mask တပ်ဆင်ခြင်းမရှိသောပြည်သူများအား Mask တစ်ခု ၂၀၀ ကျပ်ဖြင့် ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ ၂၅ ရက်နေ့က ဟိုတယ်တစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရာမှ ထိုအမျိုးသမီးနှင့်ဆက်စပ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နောက်ထပ်အတည်ပြု လူနာ(၂)ဦး တွေ့ရှိခဲ့ရပြီး တာချီလိတ်မြို့တွင် အတည်ပြု လူနာစုစုပေါင်း (၅၇)ရှိကာ တစ်ဦးမှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း၊ အတည်ပြုလူနာများကို တာချီလိတ်မြို့ပြည်သူ့ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)