ငါန်းဇွန်မြို့နယ်၌ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

ငါန်းဇွန် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ မြေပြင်တွင်နေထိုင်မှုရှိ/မရှိ စိစစ်ခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းတွင် ပါဝင်သော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများကို စိစစ်ခြင်း၊ စာရင်း၌ မပါဝင်ဘဲ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသောသူများနှင့် အိမ်ထောင်စုစာရင်း မရှိသူများအား ပန်းခင်းစီမံချက်အဆင့်(၃)အရ အိမ်ထောင်စုစာရင်း ထုတ်ပေးရန်နှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးရန်အတွက် စာရင်းကောက်ယူခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ ငါန်းဇွန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)