ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး​ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်

ဖျာပုံ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာနလက်အောက်ရှိကျောင်းများတွင် ပွင့်လင်းရာသီရောက်ရှိလာပြီ၍ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို  ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောရာတွင် ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မြို့နယ်ဦးစီးမှူး ဦးသက်လွင်က မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာများအား အသိပညာပေးဟောပြောပြီး၊ မီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီး​ငြှိမ်းသတ်နည်းစသော မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့သရုပ်ပြ လေ့ကျင့်ပြသရာ အ.ထ.က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လက်တွေ့သရုပ်ပြလေ့ကျင့်ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ဝေသော မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)