ထားဝယ် ဇန်နဝါရီ ၄
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သော လူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့်အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီးရရှိသော အသိပညာဗဟုသုတများကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/ သူအချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ဆွေးနွေးမည့် အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/ သူများဖြစ်ကြသည့် Grade-9 ကျောင်းသူ မမေပွင့်ဖူးလှိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-9 ကျောင်းသူ မသုထက်ထက်စံက လူငယ်နှင့်အားကစား၊ Grade-9 ကျောင်းသူ မရှိန်းအိစံက လူငယ်နှင့်ကျန်းမာရေး၊ Grade-9 ကျောင်းသူ မအေးချမ်းမြေ့ခိုင်က လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ ကြသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားသော ကျောင်းသား/ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)