အိမ်မဲမြို့နယ် အ.ထ.က(ခွဲ) ခလောက်သိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ အ.ထ.က(ခွဲ) ခလောက်သိုက်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က “လူငယ်နှင့်ရည်မှန်းချက်”၊ “စာဖတ်ခြင်းဖြင့်ဘဝကို အလှဆင်ပါ”၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက “လူငယ်နှင့် အားကစား”၊ “ အားကစားနည်း (၄)မျိုးအကြောင်း” အစရှိသည့် ခေါင်းစဥ်များဖြင့် အကျယ်တဝင့် အသီးသီးဟောပြောခဲ့သည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ Grade- 10 ကျောင်းသား/သူများ ဖြစ်ကြသော မောင်ကောင်းဝေလွင်၊ မရှင်းသန့်ဖြူ၊ မသဥ္ဇာကျော်၊ မစုပြည့်သဇင်၊ မအိသန္တာမိုး၊ မအိရွှန်းလဲ့ခင်တို့က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲမိသည့်အကြောင်းအရင်းများ၊ မူးယစ်ဒုက္ခ မပေါ့ဆနှင့် WY ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့်လက္ခဏာ များအစရှိ သည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် Myanmar Fitness Dance အကများ သင်ကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းသာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)