မိုင်းဖြတ်တွင် တာချီလိတ်မှ ပြန်လာသူအမျိုးသမီးထံမှ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ​တွေ့ရှိ

မိုင်းဖြတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းအုပ်စု ၊ဟောင်ဟင်ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ (RDT)Test Kit  ဖြင့်စစ်ဆေးခဲ့ရာ အသက်၁၉နှစ်အရွယ် အမျိုးသမီး၌ ကိုဗစ်-၁၉​ရောဂါပိုးတွေ့ရှိကြောင်း  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါ အမျိုးသမီးငယ်သည် တာချီလိတ်မြို့၊ဝမ်​ကျောက်လုံငါးကန်(Sky View)စားသောက်ဆိုင်တွင် အလုပ်လုပ်သူဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က မိသားစုရှိရာ ဟောင်ဟင်​ကျေးရွာသို့ ပြန်လာခဲ့ကာ ယနေ့တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၂ ရက်နေ့က နမ့်လောက် ကျေးရွာတွင် ကိုဗစ်-၁၉အတည်ပြုလူနာ ၂ ဦးနှင့် ထိတွေ့ခဲ့သူ၁၂​ဦးနှင့် ​ဟောင်ဟင်​ကျေးရွာမှ  Home Quarantine နေထိုင်သူ၇​ဦးတို့ကို (RDT)Test Kitဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသက်၁၉နှစ်အရွယ်ရှိ အမျိုးသမီးငယ်သည် ဒီဇင်ဘာလ ၂ ရက်​နေ့က နမ့်​လောက်​ကျေးရွာတွင် ​ကိုဗစ်-၁၉ အတည်ပြုလူနာ၂ ဦးနှင့်အတူ (Sky View)စားသောက်ဆိုင်တွင် အလုပ်လုပ်သူဖြစ်​​ပြီး ဒီဇင်ဘာလ ၃ ရက်နေ့အထိ မိုင်းဖြတ်မြို့နယ်ပြည်သူ့​ဆေးရုံးတွင် အတည်ပြုလူနာ ၃ ဦးအထိရှိလာပြီဖြစ်​ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)