အ.ထ.က-ဘုတ်ပြင်းကျောင်း၌ KG ကျောင်းသား/ သူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ဘုတ်ပြင်း ဖေဖော်ဝါရီ ၄

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က အာဟာရကျွေးမွေးခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် အဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော ထမင်း၊ ကြက်သားအာလူးပေါင်း၊ အသီးရွက်ကြော်၊ ပဲနီလေးဟင်းချို၊ သရက်သီးသုတ်တို့နှင့် ပြောင်းဖူးအချိုပွဲများဖြင့် KG ကျောင်းသား၊ ကျောင်းသူများ (၈၀) ဦးအား ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများက နေ့လယ်စာကျွေးမွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အာဟာရများချက်ပြုတ်ကျွေးမွေးခြင်းကို ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုး၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော်နှင့် အ.ထ.က-ဘုတ်ပြင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။ 

ကျောင်းနေအရွယ်ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား/သူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေးဌာန အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက် မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်လက်ကျွေးမွေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)