ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးမီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောရာတွင် နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများအား အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ဆီမီးလောင်မှု၊ ဂက်စ်မီးဖိုနှင့် ရိုးရိုးမီးဖိုမီးလောင်မှုတို့အား လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ Hydrulic Platform 48 meter မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ LUF – 60 တစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီးတို့အသုံးပြု၍ မီးလောင်မှုဖြစ်ပွားပါက လက်တွေ့ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းသို့ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးများ၊ ဇမ္ဗူသီရိမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မဈေးစည်ပင်သာယာဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)