လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်ဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ သရက်တောဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာ‌တော်များ အနားယူခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာဘုန်းကြီးကျောင်း၊ ဆရာတော်ဘဒ္ဒန္တဝိစက္ခဏ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အကျိုးတော်ဆောင် လယ်ဝေးမြို့နယ်၊ မြို့ဦးတိုက်သစ် သံလမ်းဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တသုဇန၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် တပ်ကုန်းမြို့နယ်၊ ရွှေအင်းရိပ်သာဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ၊ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် တပ်ကုန်းမြို့နယ်၊ ဘုရားနီဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီရိ၊ နေပြည်တော် တိုင်းသံဃဝန်ဆောင် ဇေယျာသီရီမြို့နယ်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိက္ခဓမ္မ၊ နေပြည်တော် တိုင်းသံဃဝန်ဆောင် ဇေယျာသီရီမြို့နယ်၊ ဇောတိကာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခမာဝုဓ၊  လယ်ဝေးမြို့နယ်အတွင်းရှိ ပင့်သံဃာ ၁၁၅ ပါး၊ နေပြည်တော် သာသနာရေးမူးရုံးမှ ညွှန်ကြားရေးမှုး ဦးထွန်းမြင့်အောင်၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဗိုလ်မှုးရာဇာ၊ ဦးဝင်းအောင်၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မူး ရဲမှုးအေးကျော်၊ လယ်ဝေးမြို့နယ် သာသနာရေးမှုးဦးမျိုးဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

 ထို့နောက် ကြီးကြပ်ရေးအဖွဲ့၏ အကျိုးတော်ဆောင်ဆရာတော် ဇေယျာသီရီမြို့နယ်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက် ဘဒ္ဒန္တတိက္ခဓမ္မမှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်၍ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် တပ်ကုန်းမြို့နယ်၊ ဘုရားနီ ဆုတောင်းပြည့်ကျောင်းတိုက် ဘဒ္ဒန္တပညာသီရိအား အစည်းအဝေး သဘာပတိအဖြစ်တင်မြှောက်သည်။ အခမ်းအနားကို "နမော တဿ " သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ စတင်ပြီး အခမ်းအနားမှုးဆရာတော်က အစည်းအဝေးသို့ကြွရောက်တော်မူကြသော သံဃာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားရာ ပင့်သံဃာ ၁၂၈ ပါး၊ ပျက်ကွက် ၁၃ ပါး၊ တက်ရောက် ၁၁၅ ပါး၊ ၉၂ ရာခိုင်နှုန်းတက်ရောက်သည့်အတွက် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အစည်းအဝေး သဘာပတိဆရာတော်က အဖွင့်သြဝါဒကထာ မြွက်ကြားပြီး အခမ်းအနားမှုးဆရာတော်က မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်များ အနားယူရမည့် အရေအတွက်ကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူရမည့် ဆရာတော်စာရင်းကို ကြေညာရာ တက်ရောက်ဆရာတော်များမှ လစ်လပ်သွားသည့် ဒုဥက္ကဋ္ဌဆရာတော်နေရာတွင် လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓအားလည်းကောင်း၊ လစ်လပ် တွဲဖက်အကျိုးတော်ဆောင်နေရာတွင် လယ်ဝေးမြို့နယ်၊ သရက်ကုန်းအနောက်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမအားလည်းကောင်း၊ လစ်လပ်အဖွဲ့ဝင် (၂)နေရာတွင် လယ်ဝေးမြို့နယ်၊ ကျောက်မီးကူကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရီနှင့် သပြေပင်မှန်ကျောင်းဆရာတော် ဘဒ္ဒန္တစန္တောဘာသတို့အားလည်းကောင်း၊ တိုင်းသံဃဝန်ဆောင်အဖြစ် ဘဒ္ဒန္တတေဇဝန္တအားလည်းကောင်း အသီးသီးရွေးချယ်တင်မြှောက်ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )