မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၅

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီး ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်ရှိမန္တလာသီရိ အားကစားကွင်း၌ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ အလေးပြုခြင်း အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအနေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် လစ်ဟာမှုမရှိစေရေး စနစ်တကျကြပ်မတ်အလေးထားကာ အချင်းချင်းချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး၊ စတုဒီသာကျွေးမွေး ဧည့်ခံရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ပျော်ပွဲရွှင်ပွဲများကျင်းပရေး၊ စာပေဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများမှ ဆုရရှိသူများ ဆုများချီးမြှင့်သွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြပွဲ၊ ပြိုင်ပွဲများကို ချမ်းမြ သာစည်မြို့နယ်ရှိ၊ဆင်ဖြူကန်ကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် ဖွဲ့စည်းတာဝန် ပေးထားသည့်အတိုင်း ရည်ရွယ်ချက်များကို အောင်မြင်စွာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အချင်းချင်းချိတ်ဆက်ကာ လုပ်ငန်းလိုအပ်ချက်များမရှိစေရေး ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ ပြိုင်ပွဲအားလုံးအတွက် ဆုများချီးမြှင့် သွားမည့်အစီအစဉ်များ၊ ပြပွဲ၊ ပြိုင်ပွဲလာ ဧည့်ပရိသတ်များအား တေးဂီအဖွဲ့များနှင့်တွဲဖက်၍ အနုပညာရှင်များက သီဆိုဧည့်ခံသွားမည့် အစီအစဉ်များနှင့်လုပ်ငန်းကော်မတီအလိုက် တာဝန်ခွဲဝေချထားပေးမှုများကိုလည်းကောင်း၊  လုပ်ငန်းကော်မတီဝင်များမှ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်