ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၅
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ “လောကအလင်း” စာကြည့်တိုက်နှင့် လယ်သာကျေးရွာ၊ “သုခချမ်းသာ” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဆရာများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ “လောကအလင်း” စာကြည့်တိုက်နှင့် “သုခချမ်းသာ” စာကြည့်တိုက် အဆောက်အအုံအသစ်ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ကျေးရွာရပ်မိရပ်ဖများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဖြုတ်ခွဲကျေးရွာ “လောကအလင်း” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် လူနေမှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်အသစ်ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေးအတွက် စာမတတ်သူပပျောက်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကိုမှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံးစာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက်ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးမင်းဦးမှ လယ်သာကျေးရွာ၊ “သုခချမ်းသာ” စာကြည်တိုက်တွင်လည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးမင်းဦးက စာကြည့်တိုက်အတွက် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တို့ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီမှ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်အလှူငွေ၂၀၀,၀၀၀/-(ကျပ်နှစ်သိန်းတိတိ/-) ကို လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးမှလည်း စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်အလှူငွေ ၁၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ/-)ကို လည်းကောင်း၊ စာကြည့်တိုက်အတွက် အလှူရှင်များကလည်း အလှူငွေများနှင့် စာအုပ်/စာစောင်များကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)