မက်မန်းမြို့တွင် (၂၉)ကြိမ်မြောက် လားဟူစာပေနှင့်ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် ကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် (၂၉)ကြိမ်မြောက် လားဟူ စာပေနှင့်ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးမင်္ဂလာဂါရဝပြုကန်တော့ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွန်ဟောင်းလားဟူဘုရားကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသားလူငယ်များက လားဟူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အတွက် နှစ်သစ်မင်္ဂလာအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကွန်ဟောင်းလားဟူတိုင်းရင်းသားလူငယ်အဖွဲ့မှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခဲ့ကာ မက်မန်းမြို့နယ် လားဟူတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဆရာမဒေါ်သီတာထွန်းက နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ဖတ်ကြားခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ် လားဟူရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးယောနက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ပွဲတော်ကို မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော လားဟူတိုင်းရင်းသားများက မိမိတို့ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေးအတွက် နှစ်စဉ်လားဟူ ရိုးရာနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးမင်္ဂလာဂါရဝပြုကန်တော့ခြင်းများကို လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးပြီး လားဟူတိုင်းရင်းသားများစုပေါင်းကာ ဌာနဆိုင်ရာအကြီးအကဲများအား ဖိတ်ကြား၍ လက်ဆေးမင်္ဂလာဂါရဝပြုခြင်း၊ ရိုးရာလက်ဆောင်များပေးအပ်ခြင်း၊ လားဟူရိုးရာအကများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လားဟူတိုင်းရင်းသားများအားလုံး မိမိတို့၏ ရိုးရာအစဉ်အလာများအား ထိန်းသိမ်းတတ်စေရန်၊ မိမိတို့လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးစေရန်၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို အလေးထားတတ်စေရန်အတွက် မိဘ၊ ဆရာသမား၊ သက်ကြီးရွယ်အိုများအား တစ်နှစ်တစ်ကြိမ် လက်ဆေးဂါရဝပြုကန်တော့ခြင်းများကို စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် လက်ဆေးမင်္ဂလာဂါရဝပြုကန်တော့ခြင်းများကို  နှစ်စဉ် လားဟူနှစ်သစ်ကူးနေ့မှ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြကြောင်း သိရှိရသည်။

တီတီ(မက်မန်း)