ပင်လောင်း ဖေဖော်ဝါရီလ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
လေလံပွဲတွင် ရှမ်းပြည်နယ်လေလံကြီးကြပ်ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စိုးမြင့်တို့က အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးလူထွန်းက လေလံလုပ်ငန်းများနှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ရာ ပင်လောင်းစည်ပင်သာယာရေးဌာနမှ လုပ်ငန်းလိုင်စင်(၁၂)ခု လိုင်စင်ကြေးငွေကျပ် (၆၉,၂၀၀,၀၀၀/-)၊ နောင်တရားစည်ပင်သာယာရေးဌာနမှ လုပ်ငန်းလိုင်စင်(၁၇)ခု လိုင်စင်ကြေးငွေကျပ်(၆၂,၂၀၀,၀၀၀/-) ရောင်းချရခဲ့ကြောင်း၊ ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(၇)ခုကို ဒုတိယအကြိမ် ထပ်မံလေလံတင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်/ပြန်ဆက်