မြိတ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြိတ် ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ၊ အကာအကွယ်ပေးထားသည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါ်ခင်မြသောင်းက အဖွင့်အမှာစကား ပြောကြားပြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစန္ဒီဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးထားသည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

အလားတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင်လည်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်၍ အ.လ.က(၁) အ.ထ.က(ခွဲ)မှ ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲတွင် ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသပေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း  သိရသည်။

ခိုင်ထူး (ပြန်/ဆက်)