မြစ်သား ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ရွာသစ်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က တောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်းနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာနှင့် နေကြာဆီထွက်သီးနှံ အထွက်တိုးစိုက်ပျိုးနည်းပညာတို့ကို သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံတောင်သူ (၃၇) ဦးတက်ရောက်ခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)