မက်မန်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်တွင် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဟေုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိအားလပ်ချိန်များတွင် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုခြင်းဖြင့် ကျန်းမာရေးနှင့် အသိပညာ၊ ဉာဏ်ပညာဖွံ့ဖြိုးတက်ရေးကို များစွာအထောက်အကူပြုပါကြောင်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်လေးလေက ကျောင်းသား၊ကျောင်းသူလူငယ်များ အကျင့်စာရိတ္တကောင်မွန်စေရေးအတွက် “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူ များက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(ပြန်/ဆက်)