တနင်္သာရီ ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်ကင်းအရှေ့ရွာ-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြင့်တက်စေရေးဟောပြောခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ပညာပေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အောင်ဆန်း-အက်တလီစာချုပ်အကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပပေါ်လာပုံ သမိုင်းကြောင်း၊ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့၏ အမျိုးသားရေးဦးတည်ချက် (၅)ချက်နှင့်စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးအတွက် စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးနှင့် ပြည်သူ့စာကြည့်တိုက်အကြောင်းတို့ကို စိတ်ဝင်စားဖွယ် အသေးစိတ် ရှင်းလင်းဟောပြောပေးသည်။
ဆက်လက်၍ အ-မ-က-အောက်ကင်းအရှေ့ ကျောင်းအုပ်ဆရာကြီးဦးကျော်စိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အသိ ပညာပေးဟောပြောစဉ် ကျောင်းသူ/သားများက စိတ်ဝင်တစား လေ့လာမှတ်သားတတ်သည့် အလေ့အထများရရှိစေရန်အတွက် ပြန်လည်ဆန်းစစ်မေးမြန်း၍ မှန်ကန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူ (၃)ဦးအား ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများက ဆုငွေများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မြို့နယ်အတွင်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် ပညာရေးစုံညီပွဲတော် မှတ်တမ်းပုံဓါတ်ပုံများကို ကျောင်းသား/သူများကစိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များမေးမြန်းမှုကို ဦးစီးအရာရှိ ဦးထိန်ဝင်းက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)