မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ကျောင်းပေါင်းစုံ မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ‌နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝ‌ပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန် အထိမ်းအမှတ်နေ့များကို အစဉ်အောက်‌မေ့ သတိရနေစေရန်ရည်ရွယ်ကာ ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ နာယက ဦးသန်းအောင်က ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်နိုင်ရေး မိမိဘက်ကတတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွား ဖြစ်‌ကြောင်းနှင့် ပြိုင်ပွဲများကို ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ပြီး ဒိုင်များကို စနစ်တကျရွေးချယ် သတ်မှတ်စေလိုကြောင်းဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကဏ္ဍအလိုက်ဆောင်ရွက်မည့် လုပ်ငန်းများစဉ်များ၌ ဆုများချီးမြှင့်နိုင်ရေး၊ ဘဏ္ဍာငွေရှာဖွေနိုင်ရေးလုပ်ငန်းများနှင့် အခြားလိုအပ်သော လုပ်ငန်းများကို အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသီးသီး ညှိနှိုင်းဆွေးနွေးတင်ပြခဲ့သည်။

(၇၈)နှစ်မြောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရာတွင် (၆-၂-၂၀၂၅)ရက်နေ့၌ စာစိစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ (၇-၂-၂၀၂၅)ရက်နေ့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကိုလည်ကောင်း အသီးသီးကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၁၀-၂-၂၀၂၅) ရက်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)