ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းကြီးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယမန်နေ့ညနေ(၄)နာရီက မြို့နယ်သံဃာနာယကဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသာမိမဟာဂန္တဝါစကပဏ္ဍိတ အမှူးပြု၍ ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၇၆/၂)မှ (၃၆၀/၇)အထိ အန္တရာယ် ကင်းပရိတ်တရားတော်များကို မော်တော်ယာဉ်ဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အန္တရယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဦးဇော်လင်းထွန်းတို့ လိုအပ်သည့်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာမိမဟာဂန္တဝါစကပဏ္ဍိတ အမှူးပြုသည့် ပင့်သံဃာ (၁၅)ပါးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မော်တော်ယာဉ်များဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် ကျောက်ဆည်မြို့ရှောင်လမ်းတို့တွင် အန္တရာယ်ကင်းပရိတ်များ လှည့်လည်ရွတ်ဆိုပူဇော်ခဲ့ပြီး ပရိတ်ရေများ ဖျန်းပက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)