မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်တပ်ဖွဲ့က ဒေါနဘွားရပ်ကွက်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

အောင်မြေသာစံ ဖေဖော်ဝါရီ ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မျိုးထက်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၄) တပ်ခွဲမှူး ကျော်ဝင်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲညွန့်အောင်နှင့် အကွက်တာဝန်ခံများပူးပေါင်းအဖွဲ့သည်  မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ ဒေါနဘွားရပ်ကွက်အတွင်း မီးဘးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ တစ်အိမ်တက်ဆင်းမီးစစ်‌ဆေးခြင်းများ ကို ယနေ့နံနက်ပိုင်းက အဆိုပါရင်ကွက်အတွင်း စုပေါင်း‌ဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ကြရာတွင် ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဒေါနဘွားရပ်ကွက်အတွင်း မီးသတ်ယာဥ်များ ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းများ ကြည့်ရှုစစ်ဆေးခြင်း၊ မီးသတ်ရေငုတ်များကောင်းမွန်စွာ အလုပ်လုပ်နိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်သို့အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါဗီနိုင်းများ စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃-က၊ ၁၃- ခ)ရှိ အိမ်ထောင်စု ၃၈၀ တို့အား မီးလောင်မှုလျှော့ချစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအဖြစ် မီးသုံးစွဲသည့်ကိရိယာများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေ ကားများဆောင်ရွက် ထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများအလွယ်တကူအသုံးပြုနိုင်ရန်တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်မီးဘေးအန္တရာယ်စိုးရိမ်ရမှု ရှိ/မရှိ စစ်ဆေးခြင်းများကို တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခြင်းနှင့် လိုအပ်ချက်ရှိသည့် အိမ်ထောင်စုများကို မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက အသိပညာပေးခြင်း၊ အကြံပြုဆွေးနွေးခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)