မန္တလေး ဖေဖော်ဝါရီ ၅
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်၏ ၂၀၂၄/၂၀၂၅ ပညာသင်နှစ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ၃၂×၃၄ လမ်းကြား၊ ၆၆ လမ်းရှိ မန္တလေးပညာရေး ဒီဂရီကောလိပ်၊ လေးထပ်စာသင်ဆောင်ရှေ့ ကွင်းပြင်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်တို့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်၊ ဒုတိယကျောင်းအုပ် ဒေါက်တာတင်မေထွေးတို့နှင့်ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၆၅) ဦးခန့်တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်း နေရာယူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားအား လိုက်လံနှုတ်ဆက်ကြပြီး ၎င်းနောက် ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများမှ ပန်းပွားအကဖြင့်လည်းကောင်း၊ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများမှ Zumba အကဖြင့်လည်းကောင်း၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများမှ Aerobics အကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်သည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကာ အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း (၁၆)မျိုးအား ၁၃-၂-၂၀၂၅ ရက်နေ့ အထိ ပြိုင်ပွဲဝင် ၅၀၀ ဦးတို့က သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)