မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု အဆိုပြုလျာထားစာရင်းများ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလျာထား စာရင်းများကို ရေးဆွဲရာတွင် ယခင်နှစ်ဘဏ္ဍာငွေ ရရှိမှုကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းကာ ပြည်သူ့ဆန္ဒ၊ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအလိုက် ဦးစားပေးအစီအစဉ်အရ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ အတည်ပြုချက်ရယူနိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီနှင့်သက်ဆိုင်ရာ ဦးစီးဌာနများဖြင့် ဒီဇင်ဘာ ၅ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူပြန်လည် ညှိနှိုင်းဆောင်ရွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာ‌အောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းလျာထားချက်နှင့်ဘတ်ဂျက်အား သတ်မှတ်ရက်အတွင်း အချိန်မှီ ရေးဆွဲပေးရေး တင်ပြဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာသော ဌာနဆိုင်ရာများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)