တန့်ယန်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်း ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ သဘာပတိ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ရှမ်းပြည်နယ် လူမှုထူးချွန်(ပထမအဆင့်) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော် ဒေါက်တာပုညနန္ဒက အဖွင့်ဩဝါဒကထာကို မြွက်ကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အခမ်းအနားမှူး ဆရာတော်မှ အနားယူသော ဆရာတော်ကြီးများ၏ အမည်စာရင်းကို ဖတ်ကြားခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန် ဆရာတော်ကြီးများ၏ အမည်စာရင်း တင်သွင်းခြင်းနှင့် အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်တော်မူခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)