စဉ့်ကိုင် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်က ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူလေးများက အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ပြန်/ဆက်)