ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲများ ကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းသား/သူများအား ပြည်ထောင် စုနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မို့မို့စံက မိမိတို့အနေဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်ဖို့အတွက် ဘယ်လိုမျိုးနေထိုင်ပြုမူရန် လိုအပ်ကြောင်း၊ စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူးများ၊ နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှားနည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်ရေးရာအသိပညာပေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များသည် သုံးဆယ်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံပြုမူနေထိုင်ပြီး ဘဝရည်မှန်းချက် အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဝန်ထမ်းများက ကျောင်းသား/သူများအား ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများပါ ဝင်သည့် နံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)