ချမ်းမြသာစည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၄) မူလတန်းလွန်ကျောင်းနှင့် ပူးပေါင်းပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများကို စာကြည့်တိုက်ခန်းမ၌ "ပြည်ထောင်စုအမွေ ထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲ၊ အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၃၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ သူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၂၄) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့ (ပြန်/ဆက်)