ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဟင်္သာတ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ကနောင်စုရပ်ကွက် ပြည်တော်သာလမ်းရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာက မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျ ကိုင်တွယ်ငြိမ်းသတ်နိုင်ရေး နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြမြသိန်းက မိမိတို့ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုန်း၊ ရေပုန်းများ အသင့်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆီမီးလောင်စာငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)