သပိတ်ကျင်းမြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းဆောင်ရွက်

သပိတ်ကျင်း၊ ဒီဇင်ဘာဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့မဈေးရှိ ဈေးသူ/ဈေးသားများ မီးသတိရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်ရည်ရွယ်ပြီး၊ အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုကို ယမန်နေ့ နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့၊ မြို့မဈေးရှိ ဈေးသူ/ဈေးသားများ လျှပ်စစ်မီးများစနစ်တကျအသုံးပြုရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးသတ်ဆေးဗူးများ ထားရှိသုံးစွဲမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးများ လက်တွေ့ အသုံးပြုဆောင်ရွက်ချက်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဇော်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးတိုးတိုးနိုင်၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်နှင့် ဈေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး၊ မီးဘေး အန္တရာယ် ကာကွယ် ရေးလုပ်ငန်းများကို  အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)