လွိုင်ကော် ဒီဇင်ဘာ ၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အမြို့မြို့ အနယ်နယ် သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖြစ်စေရေး ကုန်ကားပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်မှု ကော်မတီ၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေး ယာဉ်ကြီး အသင်းမှတာဝန်ရှိသူများက ကုန်စည်ပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက် ရမည့် အချက်များ၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ပြေးဆွဲရပ်နားရေးဆိုင်ရာများ ၊ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ စည်းကမ်း လိုက်နာ ရေးနှင့် စပ်လျဉ်းသည့်အချက်များ ကို အသီးသီး ဆွေးနွေး ပြောကြားပြီး ကုန်ကားပိုင်ရှင်များ၏ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)