ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီစာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြတ်ရေး၊ နိုင်ငံတော်ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်မြင့်မားစေရေး ရည်ရွယ်ချက်တို့ဖြင့် ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စုမပြိုကွဲရေး ထာဝရ လုံးပမ်းဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့တို့မမေ့”ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မူလတန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင် စုနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများ ရွေးချယ်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)