အိမ်မဲ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာအုပ်စု (အ-မ-က) ကျောက်ဝိုင်းကျောင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်များဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့်သော အစားအစာများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဖြိုးသန္တာအောင်က ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါအကြောင်းကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းရှိဆရာ/မများ ကျောင်သား/သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား/သူများကို သုတ၊ ရသ ရရှိစေမည့် စာအုပ်စောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုကဲ့သို့ အသိပညာပေး ဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟု သုတများ ပိုမိုတိုးပွားလာမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို မြို့နယ် (Community Centre) ခန်းမတွင်သာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များရှိမည့် စာသင်ခန်းများအရောက် စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)