ရတနာပုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၅

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကား ပြောကြားရာ "ပြည်ထောင်စုနေ့ဟာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုစွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပြီး ပြည်ထောင်စုသား တိုင်းရင်း သားအားလုံး တစည်းတလုံးတည်း နေထိုင်မည်ဆို တဲ့ ဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ မရှိအတူ ရှိအတူ အေးအတူပူအမျှ အတူတကွ စုပေါင်းနေထိုင်ကြတဲ့ တစ်မိသားစုတည်း ဖြစ်တယ်လို့ စွဲမြဲစွာ လက်ခံမှတ်ယူထားတဲ့ ခံယူချက်ထားရှိတဲ့ မည်သည့်လူမျိုးမဆို ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ပြီး အေးချမ်းသာယာဝပြောနေစေရန် လက်ဆင့်ကမ်း ထိန်းသိမ်းကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိဖို့၊ ဗလငါးတန်နှင့် ပြည့်စုံတဲ့ လူငယ်များဖြစ်လာစေဖို့၊ စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့် ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲများ၊ ဘာသာရေးပွဲတော်များ၊ အားကစားပြိုင်ပွဲများ၊ သင်တန်းများ၊ အနုပညာလှုပ်ရှားမှုများ ဆောင်ရွက်ပေးနေခြင်းအားဖြင့် အနာဂါတ်မှာ ခေါင်းဆောင်ကောင်းတွေဖြစ်လာမည့် မျိုးဆက်သစ် လူငယ်များကို ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ တိုင်းရင်းသားရိုးရာဓလေ့များကို ချစ်မြတ်နိုးပါ၊ တက္ကသိုလ်ရဲ့ဂုဏ်၊ တက္ကသိုလ်ရဲ့ပုံရိပ်ကို မြှင့်တင်ပေးရင်း နှစ်စဉ်နှစ်တိုင်း ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပပြုလုပ်တဲ့ အခမ်းအနား ဖြစ်ပါကြောင်း" ပြောကြားသည်။

ဆက်လက်ပြီး ဆရာကြီး ဒေါက်တာတင့်ဝေ (ပါမောက္ခ၊ ငြိမ်း)က “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းအမေး၊ အဖြေ အစီအစဉ်ကို ပြုလုပ်သည်။ ထို့နောက် ဟောပြောပေးပါသော ဆရာကြီး ဒေါက်တာတင့်ဝေ (ပါမောက္ခ၊ ငြိမ်း) အား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမှတ်တရလက်ဆောင်ပေးအပ်သည်။

ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယပါမာက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုးနှင့် ဒေါက်တာဦးဝင်းနိုင်တို့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)