ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းမြင့်က ကျောင်းသား၊ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် အသိပညာပေး ဟောပြောပွဲ ကျင်းပပေးခြင်းဖြစ်ရာ လေ့လာမှတ်သွားကြရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည် အဓိကဖြစ်ကြောင်း ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများ ဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးစာအုပ်များ ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိသူငယ်ချင်းများကို မျှဝေသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)