လွိုင်ကော် ဒီဇင်ဘာ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း များအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက် ရှင်းလင်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်က “ကျေးလက်နေပြည်သူများ လယ်ယာ ထုတ်ကုန်တွေကို သယ်ယူ ပို့ဆောင်ရန် လယ်ယာကုန်ထုတ်လမ်းနှင့်တကွ ၊ သောက်သုံး ရေဖူလုံစွာ ရရှိရေးအတွက် ရေပေးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် ရေးဆွဲဆောင် ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများ လုပ်ကိုင်တဲ့အခါ ပွင့်လင်းမြင်သာမှုရှိပြီး အရည်အသွေး ပြည့်ဝအောင် ဆောင်ရွက်ပေးရန်နှင့် ကျေးရွာများမှာလည်း ရေရှည်တည်တဲ့စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ အမှာစကား ပြောကြားခြင်းနှင့် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်မှ တင်ဒါအောင်မြင် သည့် ကုမ္ပဏီများနှင့် မိတ်ဆက်ရှင်းလင်းခဲ့သည်။
ဆက်လက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် ကျေးရွာ တာဝန်ခံများ မိတ်ဆက်ခြင်းနှင့် လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးသောင်းမြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင်လွိုင်ကော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် လယ်ယာကုန်ထုတ် လမ်း(၁၇/၈)မိုင်၊ တံတား(၄၂)စင်း၊ ရေပေးရေး(၁၂)ခု ကုန်ကျငွေ စုစုပေါင်း (၁၁၇၃.၀၈၄)သန်းဖြင့် လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)