တနင်္သာရီ ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက တစ်မြို့နယ်လုံးမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှုတစ်စုံတစ်ရာ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ညနေ ၆ နာရီမှစ၍ မြို့တွင်းလမ်းများအတိုင်း ကြိုတင်သတိပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ သတိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့က မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြို့တွင်းလမ်းများအတိုင်း မီးထိတ်မီးလန့်မှု မဖြစ်စေရေး၊ မီးဖိုမီးကို သတိမူနိုင်ရန်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျငြှိမ်းသတ်ရေး၊ မိမိနေအိမ်ရှိ ဟောင်းနွမ်းနေသည့် လျှပ်စစ်မီး ဝါယာကြိုးများကို အသစ်လဲလှယ်ရန်၊ မီးချိတ်၊မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့်မီးသတ်ဆေးဗူးများကို အသင့်ထားရှိရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလိုက်နာရမည့်အချက်များ၊ မီးသတ်ဦးစီးဌာနသို့ အချိန်မရွေးဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို မီးသတ်ရေယာဉ်နှင့်အတူ အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)