ဟိုပုံး ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက်အရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက်အရွယ်ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)စသည့် ရောဂါကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ခြင်းကို လစဉ် လဆန်းပိုင်း (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက်အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)