မြစ်ကြီးနား ဖေဖော်ဝါရီ ၆
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ် ဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတွင် တင်းနစ်အားကစားပြိုင်ပွဲများ ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ အားကစားပြိုင်ပွဲများအနက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြို့ပြအင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့၏ ယှဉ်ပြိုင်မှုကို ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ စက်မှုအင်ဂျင်နီယာအသင်းက ခုနှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအားကစားမြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသကဲ့သို့ တက္ကသိုလ်အသီးသီးကလည်း စိတ်အားထက်သန်စွာ ယခုလို ပါဝင်ပူးပေါင်းဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလို အခွင့်အခါကောင်းတွင် စာလည်းတော်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးသည့် ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်လူငယ်အင်ဂျင်နီယာများ ပေါ်ထွန်းလာအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ဆောင်းရာသီအားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်သူများကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားပြီး ဆုများကို ပေးအပ်ချီးမြှင့်ကြရာ နည်းပညာတက္ကသိုလ် ဘာသာရပ်အလိုက် ဌာနမှူးများနှင့် ဌာနများအလိုက် ဌာနမှူးများက အမျိုးသားဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ နှင့် ဒုတိယဆုရအသင်းများ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရ ပြိုင်ပွဲဝင်များ၊ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများကိုအသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ်က အမျိုးသမီး/ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးက အမျိုးသမီး/ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန် ဆုဖလားရအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆု ဖလားများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)