ဒေးဒရဲ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရပ်ရွာမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ပြည်သူပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီးတွင် စုပေါင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက မြို့မစျေးတည်ဆောက်ထားရှိမှု၊ အရေးပေါ်မီးလောင်မှု ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ရေရရှိမှုအခြေအနေများ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေခံအကြောင်းအရင်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်မှုများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မစျေးအရန် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ အရေးပေါ်မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့မစျေးကြီးတွင် စျေးမီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)