ထားဝယ် ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က မီးခိုး/ မြူငွေ့ဖြစ်ပေါ်လာသည့်အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများ၊ Fire Hotspot များနှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ရေချိုများ ချွေတာသုံးစွဲရေး၊ ရေအရင်းအမြစ်များ ဝိုင်းဝန်းထိန်းသိမ်းခြင်းဆိုင်ရာများအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တောအုပ်ကြီးဦးခင်မောင်ဆန်းက သစ်တောများမှပေးသော အကျိုးကျေးဇူးများ၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)