မဟာအောင်မြေမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာ ပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုး​အောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် လူရွယ်များပေါ်ထွက်လာစေရန် အသိပညာနှင့်ပတ်သက်သော မှတ်သားဖွယ်ရာ ဗဟုသုတများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အတန်းပညာများကို ဂရုတစိုက်လေ့လာသင်ယူသင့်ကြောင်း လိမ္မာသောကျောင်းသား၊ သူလေးများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့်အသိပညာ‌ပေး ဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေးနှင့်ပတ်သက်၍ လွတ်လပ်ရေးကို လက်နက်ဖြင့် တိုက်ယူရုံဖြင့်မရ၊ စည်းလုံးညီညွတ်မှုဖြင့် တိုက်ယူမှသာ ရရှိခဲ့သည်ကို ပြည်ထောင်စုနေ့က အခိုင်အမာညွှန်းလျက်ရှိကြောင်း၊ နိုင်ငံလွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်မှုသည် အရေးအပါဆုံးဖြစ်သလို နိုင်ငံတည်ဆောက်ရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ အောင်မြင်ရေး၊ ကာကွယ်ရေးတို့တွင်လည်း စည်းလုံးညီညွတ်မှုသည်ပင် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတွင်လည်း ညီညွတ်မှု သည် အသက်ဝိညာဉ်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများကို  အကျယ်တဝင့်ဟောပြောသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း