ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပူတာအို ဖေဖော်ဝါရီ ၆

 “အထက်မှာ ကောင်းမှုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်မှာ ရွှေတိဂုံ”ဟူ၍ ဆိုရိုးစကားရှိသည်နှင့်အညီ ထင်ရှားကျော်ကြားသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ(၇)ရက်နေ့မှ(၁၂)ရက်နေ့အထိ (၆)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဉပ္ပါဒသန္တိသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ပြိုင်ပွဲဝင်အသင်း(၁၀)သင်းက ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊ ကောင်းမှုူလုံ မုခ်ဦးဘုရား(၉)ဆူရွှေကြာသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပဋ္ဌာန်းရေစင်တော်များအား မလိခမြစ်အတွင်းသို့ သွင်းလောင်း ပူဇော်ခြင်း၊ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချအခမ်းအနားများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ လျှပ်စစ် မီး၊ ပင့်သံဃာ၊ ပဋ္ဌာန်းရွတ်သံဃာတော်အပါး(၁၀၀)၊ သီလရှင်(၂၁)ပါးနှင့် အလှူတော်ဆွမ်းဆန် စိမ်းလောင်း လှူခြင်းစသော ကောင်းမှုကုသိုလ်များ ပါဝင်လှူဒါန်းလိုပါက ပေးပို့လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဘုန်းလက်ရာသစ်